မဏိရတနာ ဖောင်ဒေးရှင်း

မဏိရတနာဖောင်ဒေးရှင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာ၏ ဘာသာရေး၊ လူမှုရေး၊ ကျေးရွာဖွံ့ဖြိုးရေးကဏ္ဍများ ဆောင်ရွက်နိုင်ရန် မဏိရတနာပုံ ကျောင်းတိုက် ဆရာတော်ဦးကဝိသာရက ( ၁၃၈၂-)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဆရာတော်ဦးကဝိသာရသည် (၁၃၇၈)ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် ဖြစ်သည်မှ စတင်၍ကျောင်းတိုက်လိုအပ်သည်များကို ဆောင်ရွက်ခြင်း၊ ကျေးရွာလိုအပ်သည်များကို  ဆောင်ရွက်ခြင်းစသည့်အမှုကိစ္စများ ဆောင်ရွက်လာရာ ဘာသာရေးကဏ္ဍများဆောင်ရွက်ရာတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သော်လည်း လူမှုရေးကဏ္ဍများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရန် မသင့်တော် သို့သော်လည်း  ကျေးရွာကျောင်းဆရာတော် ဖြစ်သည့်အတွက် ကျေးရွာ၏လိုအပ်ချက်များကို ဥပေက္ခာပြု၍မဖြစ် သို့အတွက်ကြောင့် ကျေးရွာ၏ လူမှုရေး ကျေးရွာဖွံ့ဖ်ြိုးရေးများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းတိုက်အမည်ကိုယူ၍ မဏိရတနာဖောင်ဒေးရှင်းဟု အမည်သညာပြုကာ ကျေးရွာ၏ဘာသာရေး လူမှုရေး ဖွံ့ဖြိုးရေးများကို စွမ်းနိုင်သလောက် ကြိုးစားဆောင်ရွက်ပေးနေပါသည်။

ဖောင်းဒေးရှင်းဖြစ်သော်လည်း အဖွဲ့အစည်းမဖွဲ့ရသေးပဲ လုပ်ငန်းဆောင်တာများ ပေါ်ပေါက်လျှင် အလုပ်နှင့်အဆင်ပြေသောသူဆောင်ရွက်ခြင်းဖြင့်လုပ်ငန်းဆောင်တာများအောင်မြင်ပြီး စီးအောင် ဆောင်ရွက်ကြပါသည်။   ဖောင်ဒေးရှင်းသည်  “လိုရာပြည့်စုံ မဏိရတနာပုံ” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျေးရွာ၏ လိုအပ်သည်များကို စွမ်းနိုင်သမျှဆောင်ရွက်ပေးနေပါသည်။ ဒဟတ္တောကျောင်းတိုက် ဆရာတော်ကြီး၏ သြဝါဒဖြစ်သော  “တစ်ဦးတစ်ယောက်အပေါ်ကောင်းရုံနှင့် သူတော်ကောင်းမခေါ်၊ အများအပေါ်ကောင်းမှ သူတော်ကောင်း ခေါ်သည်” ဟူသော ဘုန်းတော်ကြီး၏ သြဝါဒကို မူကိုင်ထား၍ အဂတိတရား(၄)ပါး ကင်းရှင်းကာ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာဖွံ့ဖြိုးရေး ဟူသော ကဏ္ဍကြီး( ၄)ရပ် ခွဲကာ ကျားကျေးရွာ၏ ဘာသာရေး လူမှုရေးများကို ဆောင်ရွက်ပေးနေပါသည်။

ဖောင်ဒေးရှင်းအနေဖြင့် ကျားကျေးရွာ မဏိရတနာပုံကျောင်းတိုက်၏  မဟာပဋ္ဌာန်းရွတ်ဘာသ်ပူဇော်ပွဲ မဟာစည်(၁၀) ရက်တရားစခန်းပွဲများကို ပြန်လည်ကျင်းပပြုလုပ်ခြင်း ဗုဒ္ဓပူဇနိယပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခြင်းစသော ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ကျေးရွာ၏ ပညာရေး ကျန်းမာရေး ရပ်ရွာဖွံ့ဖြိုးရေးစသော လူမှုရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနေပါသည်။ ဖောင်ဒေးရှင်းအနေဖြင့် ကျားကျေးရွာ၏ လိုအပ်သောကဏ္ဍများ မြို့နယ်၊တိုင်း၊ နိုင်ငံ၏ လိုအပ်သောကဏ္ဍများကို စွမ်းနိုင်သလောက် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း ဆန္ဒပြုထားကြပါသည်။

ဆရာတော် ဦးဥတ္တမ၏ ထေရုပ္ပတ္တိအကျဉ်း

ဆရာတော် လျောင်းလျာသည် ၁၂၇၃-ခုနှစ်တွင် ခမည်းတော် ဦးသာပို မယ်တော် ဒေါ်ညိုစိမ့်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော် မူခဲ့ပါသည်။

သာသနာတော်နှစ် (၂၅၇၅)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၂၉၃)ခုနှစ် တန်ခူးလဆန်း (၃) ရက် (၈-၄-၁၉၃၂)ခုနှစ် စနေနေ့အချိန်တွင် ရွှေဘိုမြို့ ပခန်းကျောင်းတိုက် ဆရာတော် ဦးဒေဝိန္ဒကို ဥပဇ္စျာယ်ပြုကာ ပခန်းကျောင်း ခဏ္ဍသိမ်၌ ခမည်းတော် ဦးသာပို မယ်တော် ဒေါ်ညိုစိမ့်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါသည်။

၁၂၉၉- ခုနှစ် ၊ သက်တမ်း(၂၆)နှစ်တွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဝိနည်းစာပြန်ပွဲတွင် ဘိက္ခုပါတိမောက်ကို ပြန်ဆိုအောင်မြင်တော် မူခဲ့ပါသည်။

၁၃၀၀- ပြည့်နှစ်တွင် မဏိရတနာပုံကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ညီနောင်နှစ်ပါး အတူတကွ ကျောင်းထိုင်တော်မူခဲ့ပါသည်။

ဆရာတော်သည် ကျောင်းထိုင်ပြီး ကြာကြာသီတင်းသုံးတော်မမူဘဲ ဒေသအသီးသီးသို့ လှည့်လည်သီတင်းသုံးကာ ဝိပဿနာတရား ကျင့်ကြံအားထုတ်နေ၍ ၁၃၄၃- ခုနှစ် သက်တော် (၇၀) နှစ် အရွယ်တော်အရောက်မှာ ကျေးရွာဒယကာ ဒါယိကာမ အပေါင်းတို့၏ ပင့်လျောက်ထားမှုကြောင့် မိမိကျေးရွာ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက် သီတင်းသုံးတော်မူခဲ့ပါသည်။

၁၃၄၈- ခုနှစ် သက်တော်(၇၅)နှစ် ဝါတော် (၅၅) ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


ဆရာတော် ဦးဣန္ဒောဘာသ၏ ထေရုပ္ပတ္တိအကျဉ်း

ဆရာတော် လျောင်းလျာသည် ၁၂၇၃- ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၁) ရက်၊ (၁၄-၁-၁၉၁၂)ခု၊ တနင်္ဂနွေနေ့တွင် ခမည်းတော် ဦးသာပို မယ်တော် ဒေါ်ညိုစိမ့်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူပါသည်။

သာသနာတော်နှစ် (၂၅၇၅)ခုနှစ် ကောဇာသက္ကရာဇ် (၁၂၉၃)ခုနှစ် တန်ခူးလဆန်း (၃) ရက် (၈-၄-၁၉၃၂)ခုနှစ် စနေနေ့အချိန်တွင် ရွှေဘိုမြို့ ပခန်းကျောင်းတိုက် ဆရာတော် ဦးဒေဝိန္ဒကို ဥပဇ္စျာယ်ပြုကာ ပခန်းကျောင်း ခဏ္ဍသိမ်၌ ခမည်းတော် ဦးသာပို မယ်တော် ဒေါ်ညိုစိမ့်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါသည်။

၁၃၀၀- ပြည့်နှစ် သက်တော် ၂၇-နှစ် အရွယ်တွင် ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ညီနောင်နှစ်ပါး အတူတကွ ခံယူတော်မူပါသည်။ ဆရာတော်၏ ပရိယတ္တိစာပေသင်ယူအောင်မြင်ကြီး၊ ၁၂၉၂-ခုနှစ် သက်တော် (၂၀)နှစ်တွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဝိနည်းစာပြန်ပွဲတွင် ဘိက္ခုပါတိမောက်ကို ပြန်ဆိုအောင်မြင်တော်မူခဲ့ပါသည်။

၁၂၉၃-ခုနှစ် တပေါင်းလဆုတ် (၆) ရက်သက်တော် (၁၉) နှစ်တွင် ရွှေဘိုမြို့ မေတ္တာဝဍ္ဎန သာသနာနုဂ္ဂဟစာပြန်ပွဲ ပထမလတ်တန်းကို ဖြေဆိုအောင်မြင်တော် မူခဲ့ပါသည်။

၁၂၉၅-ခုနှစ် သက်တော်(၂၁)နှစ်တွင် မန္တလေးမြို့ အမျိုးသားပရိယတ္တိ စာမေးပွဲ ပထမငယ်တန်းကို ဖြေဆို အောင်မြင်တော်မူခဲ့ပါသည်။

၁၂၉၆-ခုနှစ် သက်တော် (၂၀)နှစ်တွင် မန္တလေးမြို့ အမျိုးသားပရိယတ္တိ စာမေးပွဲ ပထမလတ်တန်းကို ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။

၁၂၉၇-ခုနှစ် သက်တော် (၂၂)နှစ်တွင် မန္တလေးမြို့ အမျိုးသားပရိယတ္တိ စာမေးပွဲ ပထမလတ်တန်းကို ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။

၁၂၉၈-ခုနှစ် သက်တော် (၂၄)နှစ်တွင် ရန်ကုန်မြို့ အမျိုးသားပရိယတ္တိ စာမေးပွဲ ပထမလတ်တန်းကို ဖြေဆိုအောင်မြင်တော်မူခဲ့ပါသည်။

၁၃၄၂-ခုနှစ် တော်သလင်းလဆန်း (၁၄)ရက် (၁၃-၉-၁၉၈၀) ပြည့်နှစ် စနေနေ့ သက်တော် (၆၉)နှစ် အရွယ်တွင် ရွှေဘိုမြို့နယ် ဝိနည်းဓိုရ်ဆရာတော်အဖြစ် နိုင်ငံတော်မှ ဆပ်ကပ်လှူဒါန်းသည်။

၁၃၅၁-ခုနှစ် သက်တော်(၇၈)နှစ် ဝါတော် (၅၈) ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


ဆရာတော် ဘဒ္ဒန္တ သုဇာတသာရ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း ဆရာတော်အရှင်သုဇာတသာရမထေလောင်းလျာကို၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာ၌ ၁၂၈၈-ခုနှစ်၊ တပိုတွဲလပြည့်ကျော်(၂)ရက် သောကြာနေ့တွင် ခမည်းတော် ဘိုးသော် + မယ်တော် ဒေါ်အေးတုတ်တို့မှ မီးရှူးသန့်စင်ဖွားမြင်ခဲ့လေသည်။

ရှင်သာမဏေပြုခြင်း ဆရာတော်လောင်းလျာသည် အသက်(၁၁)နှစ်အရွယ် ၁၃၀ဝ-ပြည့်နှစ်၊ တပေါင်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ဝမ်းပြည့်ရွာ၊ လေးရွာကျောင်းတိုက် ဆရာတော်အရှင်သုန္ဒရမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ မယ်တော်ဒေါ်အေးတုတ်၏ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့တော်မူခဲ့ပြီး ဝမ်းပြည့်ရွာ လေးရွာကျောင်းဆရာတော် အရှင်သုန္ဒရမထေရ်အထံတော်၌ အခြေခံစာပေများကို သင်ယူတော်မူခဲ့ပါသည်။

ရဟန်းပြုတော်မူခြင်း ဆရာတော်လောင်းလျာသည် ၁၃၀၈-ခုနှစ်၊ တပိုတွဲလပြည့်ကျော် (၂)ရက်နေ့တွင် ဝမ်းပြည့်ရွာ လေးရွာကျောင်းတိုက် ခဏ္ဍသိမ်တော်မြတ်၌ ဆရာတော်အရှင်သုန္ဒရမထေရ်ကို ဥပဇ ္ဈာယ်ပြု၍ မယ်တော်ဒေါ်အေးတုတ်နှင့် အစ်မကြီး ဒေါ်နွဲ့ တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ဆက်လက်ပညာသင်ယူတော်မူခြင်း ဆရာတော်အရှင်သုဇာတသာရသည် ငါန်းဇွန်မြို့နယ်၊ သိမ်တော် ဆရာတော်ဘုရားကြီးနှင့် အရှင်နန္ဒဝရ ၊ အရှင်ဥတ္တမတို့အထံ၌လည်းကောင်း၊ ငါန်းဇွန်မြို့နယ်၊ ကျောက်တလုံးရွာ၊ တောင်ရိုး ကျောင်းဆရာတော် အရှင်ကေလာသအထံ၌လည်းကောင်း၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ သရက်တော ဝါးတန်းကျောင်းဆရာတော် အရှင်ဝဏ္ဏိတာဘိဝံသ၊ အရှင်သုဝဏ္ဏာဘိဝံသ၊ အရှင်ဓမ္မာဝုဓ၊ ဝေယံဘုံသာ ကျောင်းတိုက်ဆရာတော် အရှင်ကလျာဏာဘိဝံသ၊ တောင်သမန်တိုက် အရှင်ကေသဝါဘိဝံသ၊ မစိုးရိမ်ကျောင်းတိုက် အရှင်နန္ဒောဘာသ၊ အရှင်စန္ဒော၊ အရှင်ဝိစိတ္တ အစရှိသော ဆရာတော်တို့အထံ၌ ပရိယတ္တိ စာပေများကို လေ့လာသင်ယူတော်မူခဲ့လေသည်။

စာမေးပွဲများအောင်မြင်တော်မူခြင်း ဆရာတော်အရှင်သုဇာသာရသည် စာမေးပွဲများကိုဝင်ရောက်ဖြေဆိုတော်မူရာ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကိုလည်းကောင်း ဝိသုဒ္ဓါရုံတိုက်သစ် ဝံသသဓမ္မပါလစာမေးပွဲ ပထမကြီးတန်း၊ အစိုးရစာချတန်းစာမေးပွဲ ဂုဏ်ထူးကျမ်းနှင့်တကွ ကျမ်းရင်းသုံးကျမ်းကို ဖြေဆိုအောင်မြင်တော်မူသဖြင့် ၁၃၁၉-ခုနှစ်တွင် ''သာသနာ့ဓဇသိရီပဝရဓမ္မာစရိယ'' ဘွဲ့တံဆိပ်တော်ကိုရရှိတော်မူသည်။

စာပေပို့ချတော်မူခြင်း ဆရာတော်အရှင်သုဇာတသာရသည် မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ်၌(၆)နှစ်တိုင်တိုင် ပရိယတ္တိစာပေများကို ပို့ချတော်မူခဲ့ပါသည်။ ၁၃၂၅-ခုနှစ်တွင် ဒဟတ္တောကျောင်းတိုက်သို့ ပြောင်းရွှေ့၍ ပါဠိတော်အဋ္ဌကထာ ကျမ်းစာများကို သက်တော်(၈၅)နှစ်အထိ ပိုချတော်မူခဲ့ပါသည်။

ကျမ်းစာများကိုရေးသားတော်မူခြင်း ဆရာတော်အရှင်သုဇာတသာရမထေရ်သည် (၁) အဝေးသင်ဓမ္မာစရိယကျမ်း (၂) ဝိဟာရဒါနကထာကျမ်း (၃) ဓမ္မစာရီဝတ်ရွတ်စဉ်ကျမ်းတို့ကိုလည်း ရေးသားပြုစုတော်မူခဲ့ပါသည်။

သာသနာရေးဆောင်ရွက်တော်မူခြင်း ဆရာတော်အရှင်သုဇာတသာရမဟာထေရ်သည် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် သင်တန်းသား(၁၀ဝ၀)ကျော်တို့အား ယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ပို့ချသင်ကြားပေးတော်မူခဲ့ပါသည်။ သင်္ကြန်ကာလ၌လည်း ယောဂီ(၁၀ဝ၀)ကျော်တို့အား ပဋိပတ်လုပ်ငန်းများကိုပြသတော်မူ၍ ကျင့်သုံးပွားများစေတော်မူခဲ့ပါသည်။ ရွှေဘိုမြို့နယ်၊ ကျား(တောင်)ရွာ၌ အမျိုးသား၊ အမျိုးသမီးငယ်(၁၀ဝ)ကျော်တို့ကို ဓမ္မစာရီဝတ်အသင်းဖွဲ့၍ ဓမ္မစကြာအစရှိသောသုတ်တို့ကို သင်ပြပို့ချတော်မူခဲ့ပါသည်။


ဆရာတော် ဘဒ္ဒန္တ နာဂသေန၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း ဆရာတော်အလောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ကျားတောင်ရွာ ခမည်းတော်-ဦးဘအို+မယ်တော်-ဒေါ်အေးကြည်တို့မှ ၁၂၉၃-ခုနှစ်၊ ဝါဆိုလဆန်း(၇)ရက်၊ စနေနေ့တွင် မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။ ဆရာတော်အလောင်းလျာသည် မောင်မြသန်း၊ မောင်မြမောင်၊ မမြကြင်၊ မောင်ထင်ပေါ်၊ မောင်ထင်ကျော်-ဟု မွေးခြင်းငါးယောက်ရှိသည့်အနက် စတုတ္ထမြောက်သားရတနာတစ်ပါး ဖြစ်ပါသည်။ ငယ်နာမည်မှာမောင်ထင်ပေါ်ဖြစ်သည်။

ရှင်သာမဏေအဖြစ်သို့ရောက်ရှိတော်မူခြင်း ဆရာတော်အလောင်းလျာသည် ၁၃၀၆-ခုနှစ်တွင် ခမည်းတော်ဦးဘအို+မယ်တော် ဒေါ်အေးကြည်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မဏိရတနာပုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရကိုဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့အမည်မှာ ရှင်နာဂသေနဖြစ်သည်။

ရဟန်းအဖြစ်သို့ရောက်ရှိတော်မူခြင်း ဆရာတော်အလောင်းလျာသည် ၁၃၁၃-ခုနှစ် တပိုတွဲလပြည့်ကျော် (၂) ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ကျားတောင်ရွာနေ ရဟန်းဒါယကာ-ဦးလှ+ရဟန်းဒါယိကာမ-ဒေါ်အိမ်တင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရွှေဘိုမြို့ပခန်းကျောင်းဆရာတော် ဘဒ္ဒန္တဒေဝိန္တကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။


ဆရာတော် ဦးကဝိသာရ၏ ထေရုပ္ပတ္တိအကျဉ်း

ဇာတိရပ်ရွာနှင့် ခမည်းတော် မယ်တော် ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျားတောင်ရွာ၌ ခမည်းတော် ဦးသန်းထွန်း+မယ်တော် ဒေါ်ဝင်းကြည် (ခ)ဒေါ်ချန်ပို တို့မှ သက္ကရာဇ် ၁၃၄၄ခုနှစ်၊ နယုန်လပြည့်ကျော်(၁) ရက် တနင်္လာနေ့ နံနက်(၉) နာရီအချိန်တွင် မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။

ညီအကိုမောင်နှမများ ဦးသန်းထွန်းဒေါ်ဝင်းကြည်တို့တွင် မသန်းနွယ်ဦး၊ မောင်ကျော်ထွန်းဦး၊ မနှင်းနွယ်ဦး၊ မောင်အောင်ကျော်ထွန်း၊ မခိုင်နွယ်ဦး ဟု သားသမီး (၅) ယောက် ထွန်းကားရာတွင် ဆရာတော်လောင်းလျာမှာ ဒုတိယမြောက် သားအလတ်ဖြစ်၍ မောင်ကျော်ထွန်းဦးဟု အမည်တွင်ပါသည်။

ရှင်ပြုမင်္ဂလာ ဆရာတော်လောင်းလျာသည် သက္ကရာဇ် ၁၃၅၅-ခုနှစ်၊ပြာသိုလပြည့်ကျော်(၁)ရက်နေ့တွင် ဦးငွေဒိန်း+ဒေါ်အားစိန်၊ ဦးစပ်ကြီး+ဒေါ်မြရှင် တို့အား အမှူးထား၍ ခမည်းတော် ဦးသန်းထွန်း မယ်တော် ဒေါ်ဝင်းကြည် (ခ)ဒေါ်ချန်ပို တို့၏ပစ္စယာနုဂ္ဂဟကို ခံယူ၍ ကျားမြောက်ရွာ သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဦးဝါသေဋ္ဌကို ဥပေဇ္စျာယ်ပြုကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ရဟန်းခံမင်္ဂလာ ဆရာတော်လောင်းလျာသည် သက္ကရာဇ် ၁၃၆၄-ခုနှစ်၊ကဆုန်လပြည့်နေ့ နံနက်(၉)နာရီ (၇) မိနစ်အချိန်တွင် မန္တလေးမြို့၊ မျက်ပါးရပ်နေ ဦးအောင်သန်း+ ဒေါ်မြကြည် အောင်သုခမဘေဘီ ပန်းကန် ဓါတ်ဘူးဆိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ မန္တလေးမြို့၊ ဒဟတ္တောကျောင်းတိုက် ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇာတသာရကို ဥပေဇ္စျာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ သက္ကရာဇ် ၁၃၆၅-ခုနှစ်၊ပြာသိုလပြည့်နေ့ နံနက်(၉)နာရီအချိန်တွင် ဦးငွေဒိန်း+ ဒေါ်အားစိန်၊ ဦးစပ်ကြီး+ဒေါ်မြရှင် တို့အား အမှူးထား၍ ခမည်းတော် ဦးသန်းထွန်း မယ်တော် ဒေါ်ဝင်းကြည် (ခ)ဒေါ်ချန်ပိုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ကျားတောင်ရွာ မဏိရတနာပုံ ကျောင်းတိုက် ခဏ္ဍသိမ်၌ မန္တလေးမြို့၊ ဒဟတ္တောကျောင်းတိုက် ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇာတသာရကို ဥပေဇ္စျာယ်ပြုကာ ပုနောပသမ္ပဒကံထပ် အလှူတော်ကို ခံယူတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေများ သင်ယူခြင်: ဆရာတော်လောင်းလျာသည် ရှင်သာမဏေပြုပြီး လပိုင်းအကြာတွင် ကျားတောင်ရွာ မဏိရတနာပုံကျောင်းတိုက်သို့ ပြောင်းရွေ့ကာ ဆရာတော် ဦးနာဂသေန ထံတွင် ပရိတ်ကြီး ရှင်ကျင့်ဝတ်တို့ကို သင်ယူခဲ့ပါသည်။ ထိုမှတပါး ကျားတောင်ရွာ အခြေခံပညာ မူလတန်းကျောင်းတွင် လေးတန်းအထိ လောကီစာပေများ သင်ယူခဲ့ပါသည်။

ပရိယတ္တိစာပေများကို သင်ယူခြင်း သက္ကရာဇ် ၁၃၅၆ ခုနှစ် ဝါဆိုလပြည့်နေ့ အချိန်တွင် မန္တလေးမြို့ ဒဟတ္တော ကျောင်းတိုက်သို့ ပရိယတ္တိစာပေများ သင်ယူရန် ရောက်ရှိခဲ့ပါသည်။ ဒဟတ္တော ကျောင်းတိုက်ဆရာတော်ကြီး နှင့် စာချဆရာတော်များ အထံတွင် ပရိယတ္တိစာပေများကို အဓိကသင်ယူ၍ ဝိသုဒ္ဓါရုံကျောင်းတိုက် မစိုးရိမ်ကျောင်းတိုက်တို့မှ စာချဆရာတော်ကြီးများ အထံတွင်လည်း ပရိယတ္တိစာပေများကို သင်ယူခဲ့ပါသည်။

အောင်မြင်ခဲ့သောသာမေးပွဲများ အစိုးရစာမေးပွဲများဖြစ်သော အခြေပြု မူလတန်း ၊ ပဌမငယ်တန်း ၊ ပဌမလတ်တန်း၊ ပဌမကြီးတန်း တို့ကို အောင်မြင်ခဲ့ပါသည်။

ကျောင်းထိုင်အဖြစ်ခံယူခြင်း ဆရာတော်လောင်းလျာသည် သက္ကရာဇ် ၁၃၇၈ ခုနှစ် ၊ နတ်တော်လပြည့်ကျော် (၁၀) ရက်နေ့တွင် ကျားတောင်ရွာ မဏိရတနာပုံကျောင်းတိုက်ကို ဆရာတော်ကြီး ဦးနာဂသေန နှင့် တပည့်ဆရာတော်များမှ ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ပေးခြင်းကို ခံယူခဲ့ပါသည်။

သာသနာရေးတာဝန်များ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျားတောင်ရွာ မဏိရတနာပုံကျောင်းတိုက် နှင့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက် သန္တာ (၁၇) လမ်း၊ ရန်အောင်ကျောင်းတိုက်၊ အမှတ်(၂၆) ရတနာသိင်္ခကျောင်းတို့ကို ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ကာ ပရိယတ္တိစာပေများကို ဆက်လက်သင်ယူ နေလျက်ရှိပါသည်။

Powered by Drupal